Wednesday, July 8, 2009

ဖတ်ဖူးခဲ့သော ဟာသများ - ၈



ကလေးတွေကြောင့်မဟုတ်ပါ


တစ်ခါတုန်းက စာတွေကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာ ဆရာမ မလုံလောက်တဲ့ ခေတ်ကဆိုပါစို့။
ပညာရေးဝန်ကြီးတစ်ဦးဟာ နယ်မြို့လေးက ကျောင်းတစ်ကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။
ဒီလိုနဲ့ အတန်းတစ်တန်းထဲဝင်ကြည့်တော့ အခန်းထဲမှာ ကမ္ဘာလုံးတစ်လုံး တင်ထားတာတွေ့လို့ ကလေးတွေရဲ့ပညာရေးကို စစ်ဆေးဖို့ အကြံရလိုက်တယ်။

ဒါကြောင့် ကျောင်းသားတစ်ယောက်ကို
"ဒီကမ္ဘာကြီးဟာ ဘာကြောင့် နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီ စောင်းနေရတာလဲကွ" ဆိုပြီးမေးလိုက်တယ်။

အမေးခံရတဲ့ ကျောင်းသားကလည်း ပြာပြာသလဲနဲ့ "ဒါကျွန်တော်လုပ်တာမဟုတ်ပါဘူး" လို့ ပြန်ဖြေလိုက်တယ်။

ဝန်ကြီးကလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို အတော်လေးစိတ်ညစ်သွားတယ်။
ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။

အဲဒီကျောင်းသားကလည်း ခေါင်းကလေးခါပြီး
"ကျွန်တော်က ဒီနေ့မှ ဒီအခန်းထဲပြောင်းလာတာ ကျွန်တော်လုပ်တာမဟုတ်ဘူး" လို့ ပြန်ဖြေတယ်။

ဝန်ကြီးလည်းကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသထွက်လာတာပေါ့။
ဒါကြောင့် အနားက ဆရာမဖက်လည့်ပြီး "ဒါ ဘယ်လိုဖြစ်ရတာလဲဗျ" လို့မေးလိုက်တယ်။

ဆရာမက လက်အုပ်လေးချီပြီး လေသံပျော့ကလေးနဲ့ "ဒါကလေးတွေလုပ်တာမဟုတ်ပါဘူးရှင် ကမ္ဘာလုံးကြီးက ၀ယ်လာကတည်းက ဒီလိုပဲစောင်းနေတာပါ" တဲ့။

ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နှာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဘက် လှည့်ကြည့်လိုက်ပါတယ်။
အစအဆုံး အခြေအနေကို သိနေတဲ့ ဆရာကြီးလည်း မတတ်သာတော့ပဲ ခါးကလေးညွှတ် အရိုအသေပြုရင်း အခုလိုရှင်းပြလိုက်ပါတယ်။

"၀န်ကြီးခင်ဗျား ပြောရမှာတော့ ခက်ပါတယ်။ပွင့်ပွင့်လင်းလင်း တင်ပြရရင် ကျွန်တော်တို့ ကျောင်းက ရန်ပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိလို့ အခုလိုတိမ်းစောင်းနေတာပါ" တဲ့



နတ်သျှင်နောင်ကို ဘယ်သူသတ်သလဲ

တစ်ခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတစ်ယောက်ဟာ နယ်မြို့လေးတစ်မြို့က စာသင်ကျောင်းတစ်ကျောင်းကို စစ်ဆေးဖို့ ရောက်လာပါတယ်။ အတန်းတွေ တစ်ခုပြီးတစ်ခု လိုက်လံစစ်ဆေးရင်း ကျောင်းသားလေးတစ်ယောက်ကို မေးလိုက်ပါတယ်။

"နတ်သျှင်နောင်ကို ဘယ်သူသတ်သလဲကွ"

ကျောင်းသားလေးက အတော်လေးကြောက်ရွံ့သွားပါတယ်။ အသံတွေတုန်ပြီး "ကျွန်... ကျွန်တော် မသတ်ဘူး" တဲ့

ပညာရေးအရာအရှိဟာ ကလေးရဲ့ပညာရေးအခြေအနေအပေါ် အတော်ကလေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင်ဆရာမကို လှည့်ကြည့်လိုက်တယ်။
အတန်းပိုင်ဆရာမလည်း ကျောင်းသားလေးအတွက်စိတ်ပူပြီး ကျောင်းသားလေးဘက်က ကာကွယ်ပြီးပြောလိုက်တာက…

"ဒီကျောင်းသားလေးဟာ အတန်းထဲမှာသိပ်အေးပါတယ်။ ကျောင်းသားအချင်းချင်းတောင် ရန်ဖြစ်တာမရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူး ထင်ပါတယ်ရှင်" တဲ့

စစ်ဆေးရေးအရာရှိလည်း ဘာမှဆက်မပြောတော့ပဲ ကျောင်းအုပ်ကြီးကို ရုံးခန်းမှာ ဒီအကြောင်း ပြောပြလိုက်တယ်။ စိတ်ဆိုးမာန်ဆိုးလည်း ဖြစ်နေတာပေါ့။ ဒီတော့ ကျောင်းအုပ်ဆရာကြီးလည်း တောင်းတောင်းပန်ပန်နဲ့ ပြောရှာပါတယ်။

"စိတ်တော့မရှိပါနဲ့ဗျာ။ ဒီကျောင်းဆရာမလေးနဲ့ ကျောင်းသားလေးဟာ ကျွန်တော်နဲ့ တစ်ရပ်ကွက်ထဲ နေကြတာပါ။ အလွန်ရိုးအေးပါတယ်။ သူတို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး သံသယမရှိစေချင်ဘူးဗျာ။ ကျွန်တော်ကိုယ်တိုင် အာမခံပါတယ်။ သူတို့ ကျူးလွန်တာတော့ လုံးဝမဖြစ်နိုင်ပါဘူး ခင်ဗျာ"

ပညာရေးအရာရှိလည်း ဘာမှဆက်ပြောမနေတော့ပဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွားပါတယ်။
နောက်တော့ ဖြစ်ကြောင်းကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာတင်လိုက်သတဲ့
ဒီလိုနဲ့ မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။

"နတ်သျှင်နောင် သေတာလည်း ကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်မနေပါနဲ့တော့" တဲ့

Technorati tags:
, , , , , , , ,

No comments:

Post a Comment